to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Hiroshima Mon Amour
Alain Resnais ရဲ့ Hiroshima Mon Amour ဟာ Breathless (1960) တို့၊ The 400 Blows (1959) တို့လိုပဲ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဒီကားဟာ စစကတော့ အက်တမ်ဗုံးအကြောင်း ဒိုကူမန်ထရီအတိုအဖြစ်ရိုက်ဖို့လုပ်ရာကနေ စတယ်။Alain Resnais က Night and Fog ဆိုတဲ့ နာမည်နဲ့ နာဇီအကျဉ်းစခန်းတွေအကြောင်း ရိုက်ဖူးတော့ ဒီလိုပုံစံမျိုးထပ်မဖြစ်ချင်တော့ ဘယ်လိုပုံစံနဲ့ရိုက်ပြရမလဲ တော်တော်ခေါင်းစားခဲ့တယ်။ ဒီ့နောက်တော့ ဒီလိုပုံစံဖြစ်လာတယ်ပေါ့။ ဒါပေမဲ့ သူဝန်ခံထားတာကတော့ ဒီကားနဲ့ အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာမ Marguerite Duras သာ မပါခဲ့ရင် သူတော်တော်ခေါင်းစားနေရမှာတဲ့။ Marguerite Duras ကိုတော့ The Lover နဲ့ သိကြလိမ့်မယ်။ ပြောရရင် Hiroshima Mon Amour (1959) ဟာ အက်တမ်ဗုံးဒဏ်ခံခဲ့ရတဲ့ ဟိရိုရှိမမြို့အကြောင်း တင်ဆက်ရမယ့် ရုပ်ရှင်ဖြစ်ရမှာပေမဲ့ Resnais ကတော့ ဟိရိုရှိမရဲ့ဝေဒနာကို ပြင်သစ်ရဲ့ဝေဒနာနဲ့ လူနှစ်ယောက်ရဲ့ဝေဒနာနဲ့ တွဲဖက်ပုံဖော်သွားခဲ့တယ်။ သူစစဖွင့်ခဲ့သလိုပဲ ဟိရိုရှိမအကြောင်းကို ပြင်သစ်သူကနားမလည်နိုင်ဘူးဆိုသလိုပဲ သူကိုယ်တိုင်လည်း မဖြစ်မနေ ဒါကိုရိုက်ရပေမဲ့ ဟိရိုရှိမရဲ့ ဝေဒနာကို သူအပြည့်အဝနားမလည်နိုင်တာ ကောင်းကောင်းသိခဲ့ပုံပါပဲ။ ဒီတော့ သူက ဝေဒနာကို ဝေဒနာချင်းထပ်တူပြုပုံဖော်သွားခဲ့တယ်။ ခြေထောက်ပြတ်တဲ့လူရဲ့ဝေဒနာကို ကျွန်တော်တို့အပြည့်တော့ နားမလည်နိုင်ပေမဲ့ ကျွန်တော်တို့သာ လက်သန်းပြတ်ဖူးရင်တော့ နည်းနည်းတော့နှိုင်းယှဉ်သိနိုင်မယ်။ ဒါပေမဲ့ အပြည့်အဝသိနိုင်တာတော့မဟုတ်ဘူးပေါ့။ Resnais ကတော့ ခြေထောက်ပြတ်တဲ့လူလိုဖြစ်နေခဲ့တဲ့ ဟိရိုရှိမရဲ့ဝေဒနာကို လက်သန်းပြတ်ဖူးတဲ့ သူတို့ဝေဒနာနဲ့ တတ်နိုင်သလောက်အထိ တွဲဖက်တင်ဆက်ပြသွားခဲ့တယ်။ ဒါဟာ ဟိရိုရှိမအကြောင်းပေမဲ့ ဒါဟာ Resnais နဲ့ Duras တို့ရဲ့ ပုဂ္ဂိုလ်ရေးလည်း ဟုတ်နေပါတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ဝေဒနာနဲ့ နားလည်နိုင်သလောက် ခံစားရမှာပါပဲ။အချစ်နဲ့ရူးသွပ်ခြင်းဟာ ပက်ပင်းတိုးရမှ နားလည်နိုင်တဲ့အရာတွေပဲတဲ့။ ဒါပေမဲ့လည်း အဲဒီအရာတွေ မရှိတော့တဲ့အခါကျရင်လည်း အဲဒီအရာတွေကို နားမလည်နိုင်တော့ပြန်ဘူး။ လူ့မှတ်ဉာဏ်ရဲ့ မေ့လွယ်ပျောက်လွယ်တတ်ခြင်းတွေပေါ့။ ဝေဒနာတွေဟာ မေ့ပျောက်တတ်ပါသလား။ မမေ့ပျောက်ရင်တောင် လူတွေက အသားကျသွားတတ်တာတော့သေချာတယ်။ အချစ်နဲ့ပက်ပင်းမတိုးရတဲ့အချိန်တွေမှာ ချစ်ဖူးတဲ့ခံစားချက်တွေက ပျောက်ပျက်တတ်သွားတတ်တယ်။ အချစ်နဲ့ပက်ပင်းတိုးမှပဲ ချစ်ဖူးတဲ့ခံစားချက်ကို ကျွန်တော်တို့ ပြန်သတိရတတ်တယ်တဲ့။ ဝေဒနာလည်း ဒီလိုပါပဲ။ မှုန်ရီဝေဝါးသောစိတ်များဟာ ဘယ်တော့မှ ရှင်းရှင်းလင်းလင်းမရှိနိုင်ဘူး။ ဒါကိုပဲ ကျွန်တော်တို့ဗီဇတစ်ခုလို့ လက်ခံလိုက်ကြတာပေါ့။ ဇာတ်လမ်းရဲ့အဆုံးသတ်မှာ အမျိုးသမီးက အမျိုးသားကို မေ့သွားခဲ့တယ်။ သူ့နာမည်ကို ဟိရိုရှိမလို့ပဲ မှတ်မိခဲ့တယ်။ အမျိုးသားကလည်း အမျိုးသမီးဝေဒနာတွေတည်နေတဲ့ မြို့ကလေးနာမည်ကိုပဲ အမျိုးသမီးနာမည်အဖြစ် သတ်မှတ်ခဲ့တယ်။ လူတစ်ယောက်ရဲ့နာမည်ကိုမေ့သွားတဲ့အခါမှာ အရာအားလုံး မေ့သွားတော့တာပဲတဲ့။ မှန်ချင်မှလည်းမှန်ပါမယ်။ ဝေဒနာသက်သက်ကို ခံစားမိနေတတ်တဲ့ နေ့ရက်တချို့တို့လိုပေါ့။ ဟိရိုရှိမမြို့ရဲ့ ပြတိုက်ထဲမှာ လိမ်ကောက်ကွေးညွတ်သွားတဲ့ သတ္တုတွေရှိတယ်တဲ့။ မာကျောလှတဲ့ သတ္တုတွေကိုတောင် အဖတ်ဆည်မရဖြစ်သွားစေခဲ့တဲ့ ပြင်းအားနောက်မှာ လူသားကတော့ ရှင်သန်နိုင်ခဲ့တယ်။ ဒါပေမဲ့ ပုံပျက်ပန်းပျက်ပါပဲ။ ကမ္ဘာမှာ ပုံပျက်ပန်းပျက်နဲ့ ရှင်သန်နေရတဲ့ နှလုံးသားတွေသိပ်များတယ် ဟိရိုရှိမရယ်…
Genre: Drama , History , Romance
Actor: Emmanuelle Riva , , Pierre Barbaud , ,
Director: , , ,
Writer:
Country: France
Release: 1959-06-10
Duration: 92
Quality: HD
Rating: 1
7.722
Copyright 2024