Hostel Days
အင်ယာကျောင်းတော်ကြီးကို အလွမ်းသယ်ဖို့နောက်ထပ်စီးရီးအသစ်လေးတခုလာပါပြီ။
ဒီလိုဇာတ်လမ်းတွေကြည့်ရင် တချိန်ကတက္ကသိုလ်ကိုသတိရမိတာအမှန်ပဲ။
ကျောင်းတက်ဘဲလ်မြည်တဲ့အသံလေးရယ် ဘဲလ်ပျက်နေရင် ကျောင်းတက်ရမှာမသိတာလိုလို
ယောင်လည်လည်နဲ့ အတန်းနောက်ကျခဲ့တာတွေ။
ရိုးကောလ်မပြည့်လို့ မိသားစုဆရာမနောက် တကောက်ကောက်လိုက်ပြီး အပူကပ်ရတာတွေ။
သူငယ်ချင်းနှစ်ယောက်စကားများပြီး ကျောင်းနားကလယ်ကွင်းထဲ ဆိုင်ကယ်တစီးတည်းစီးသွား
မောနေအောင်နပမ်းလုံးပြီး အတူတူကျောင်းကိုပြန်လာခဲ့ကြတာတွေ။
တညလုံးမအိပ်ဘဲ မိန်းကလေးဆောင်တွေဂစ်တာလိုက်တီးပြီး အလင်းဆိုင်လေးမှာထမင်းဆီဆမ်းနဲ့ကြက်ဥခေါက်ကြော်စားခဲ့တာတွေ။
တညအိပ်နှစ်ရက်ဖဲထိုင်ရိုက်ခဲ့တာတွေ။ စနေ၊တနင်္ဂနွေ နှစ်ရက်လုံး ထန်းရည်ဆိုင်ကမပြန်ခဲ့တာတွေ။
အဲဒီလို စတာတွေက အဆောင်နေကျောင်းသားတွေအတွက်တော့ ပြန်တမ်းတအောက်မေ့မိတဲ့အတိတ်ကပုံရိပ်တွေပေါ့။
ကြည့်နေရင်း ကြည့်နေရင်း ငါတို့တုန်းကလည်း ဒါမျိုးတွေလုပ်ခဲ့တာလေဆိုတဲ့ဇာတ်ဝင်ခန်းတွေနဲ့။
ဗရုတ်တကောင်ပါမယ်။စာကြမ်းပိုးတကောင်ပါမယ်။ဖွန်ကြောင်တဲ့တကောင်ရှိမယ်။နှစ်ဆွေးအရက်သမားကြီးတကောင်ပါမယ်။
ဒါဆိုကျောင်းသားကားတစ်ကားအတွက်က ပြည့်စုံနေပါပြီ။
တစ်ခန်းကို လူနှစ်ယောက်ပဲနေရပေမယ့် အခန်းနံပါတ် ၂၀၉မှာ ယာဒါ့ဗ်၊ချီတာ၊စိုင်းဆိုတဲ့ ဒီသုံးယောက်ကဘာလို့အတူနေရတာလဲဆိုတာကအစ၊
သုံယောက်ပေါင်းပြီး ဘယ်လိုတွေဗရုတ်ကျကြမလဲ၊အမေဖြစ်သူရဲ့ချုပ်ချယ်မှုအောက်ကနေ လွတ်မြောက်လာဖို့အတွက်
အင်ဂျင်နီယာကျောင်းတော်ကြီးကို လာတက်တဲ့ကာဗယာတယောက် သူလိုချင်တဲ့လွပ်လပ်မှုတွေရမှာလား။
သေးသေးမွှားမွှားကိစ္စလေးကအစ အဖေဖြစ်သူနဲ့တိုင်ပင်တတ်တဲ့ ရီသီကာတစ်ယောက်ကရော သမီးအလိမ္မာလေးအဖြစ်နဲ့ဆက်ရှိနေမှာလားဆိုတာ။
အပိုင်းငါးပိုင်းပဲပါတဲ့ ဒီစီးရီးလေးကိုကြည့်ရင်း ကျောင်းသားဘ၀ကိုပြန်လည်အောက်မေ့လိုက်ကြတာပေါ့။