The Diplomat
သံတမန်လုပ်ရတယ်ဆိုတာ တော်တော်လေးမလွယ်တဲ့ အလုပ်ပါပဲ။
ကြိုးတန်းလျှောက်တဲ့သူလို ဘယ်ဖက်ကိုမှ မယိမ်းအောင် သတိကြီးကြီးထားပြီး လုပ်ရတဲ့အလုပ်မျိုးပေါ့။ ဒါပေမဲ့ ကြိုးတန်းလျှောက်သမားက ဟန်ချက်ပျက်ပြီး လဲရင်တောင် သူတစ်ယောက်တည်း လဲတာပါ။
သံအမတ်ဆိုတာကတော့ နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုနေတဲ့မျက်နှာဖြစ်တဲ့အတွက် ဟန်ချက်တစ်ချက် ပျက်ရင် စကားတစ်ခွန်းမှားရင် တစ်နိုင်ငံလုံး ဒါမှမဟုတ် နှစ်နိုင်ငံလုံး မျက်နှာပျက်စရာတွေ ဒုက္ခအကြီးအကျယ်ရောက်စရာတွေ ဖြစ်သွားနိုင်ပါတယ်။ အပြောအဆိုအနေအထိုင် ပါးနပ်ရတယ်။ နိုး လို့ပြောရင် သံအမတ်မဟုတ်ဘူးဆိုတဲ့ ဟာသလိုပဲ စကားပရိယာယ်ကြွယ်ရတယ်။ ပါးနပ်ဆို တခြားနိုင်ငံမှာ သွားနေရတာကိုး အိမ်ရှင်မျက်နှာလည်း ကြည့်ရသေးတယ်လေ။
ကိုယ်ဖြစ်ချင်တာကို တစ်ဖက်လူ လက်ခံနိုင်အောင် ပြောရတယ်ဆိုတာ တော်တော်လေးမလွယ်တဲ့ အလုပ်ပါပဲ။ ကိုယ်သိမ်းသွင်းနေတဲ့သူက နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေဆိုရင် ပိုခေါင်းကိုက်ရတာပေါ့။ နိုင်ငံခေါင်းဆောင်တွေ အချင်းချင်းချနေရင်တောင် ကြားထဲက ပြေရာပြေကြောင်းပြောပြီး နိုင်ငံလိုက် ထမချအောင်ကလည်း ဆွဲရပါသေးတယ်။
၂၀၂၃ ထွက် Drama, Thriller အမျိုးအစားဖြစ်တဲ့ The Diplomat ထဲမှာတော့ အမျိုးသမီးသံအမတ် ကိတ်ဝိုင်လာ ခေါင်းခြောက်နေရတဲ့အကြောင်းကို တွေ့ရမှာပါ။
တိုက်နေခိုက်နေ စစ်ဖြစ်နေတဲ့နိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ရ အတွေ့အကြုံရင့်နေပြီဖြစ်တဲ့ အမေရိကန်နိုင်ငံက ဒုသံအမတ် ကိတ်ဝိုင်လာက အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးမြို့ကို သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ စောင့်နေရင်းမှာ ဗြိတိန် လေယာဉ်တင်သင်္ဘောကို တိုက်ခိုက်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ ဆိုင်းမဆင့်ဘုံမဆင့် ဝန်ထမ်းဦးစီးမှုးက ခေါ်ပြီး မဟာမိတ်ဖြစ်တဲ့ ဗြိတိန်ကို သံအမတ်အနေနဲ့ စေလွှတ်လာပါတယ်။ ဒီလိုနဲ့ပဲ ကိတ်ဝိုင်လာတစ်ယောက် မယောင်မလည်နဲ့ ဗြိတိန်သံအမတ်ဖြစ်လာပါတယ်။
ရှေ့တန်းမှာပဲ ခပ်ကြမ်းကြမ်း ဟောဟောဒိုင်းဒိုင်း အလုပ်လုပ်တတ်တဲ့ ကိတ်ဝိုင်လာအတွက်တော့ လန်ဒန်လို စည်းကမ်းကြီးပြီး ကြွကြွရွရွ နေရတဲ့နေရာမှာ ရောက်သွားတော့ အမြီးအမောက်မတည့်တာတွေ ဖြစ်လာတာပေါ့။ ဒါပေမဲ့ ဒီလိုကသီလင်တဖြစ်တာလေးထက် အများကြီး ကြီးတဲ့ ပြဿနာတွေက သူ့ကို စောင့်ကြိုနေကြပါတယ်။
ကမ္ဘာ့အရေးစိတ်ဝင်စားသူတွေ သိကြတဲ့ လတ်တလော ခေတ်သစ်သမိုင်းအကြောင်းအရာတွေကြားမှာ သံအမတ် ကိတ်ဝိုင်လာ အတွက် ပြဿနာတွေနဲ့ ရောထွေးတင်ပြထားပါတယ်။ နိုင်ငံရေး ဇာတ်ကားကြီးဆိုပြီး ပျင်းမနေရဘဲ ဇာတ်လမ်းကစိတ်ဝင်စားစရာကောင်းသလို တစ်ခါတစ်ခါမှာ ဟာသလေးတွေနှောပြီး ပြထားတဲ့အတွက် ဟားရမှာလည်း အသေအချာပါပဲ။